ငဖဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ငဖဲ ဇွန် ၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ သဘာဝပတ်ဝန်းကျင်သည် သက်ရှိမျိုးစိတ်များ၊ရာသီဥတု၊ မိုးလေဝသနှင့်သဘာဝရင်းမြစ်များစသည့် အရာအားလုံးတို့၏ အပြန်အလှန်အကျိုးသက်ရောက်မှုရှိကြောင်း၊  သဘာဝပတ်ဝန်းကျင်ပျက်စီးစေသည့်အကြောင်းရင်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရမည့်အချက်များနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်နှင်းနွယ်အောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အခြေခံပညာမူလတန်းဆင့်ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၂၃ ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပန်းချီရေးဆွဲနိုင်သူ ၅ ဦးကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။

ပြိုင်ပွဲအပြီးတွင် ပြသထားရှိသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)