စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၈ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား

မင်းဘူး ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၈ ဦးက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စကုမြို့ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း သုံးထပ်ဆောင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များနှင့်တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များမှ Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများက ဇွန်လ ၄ ရက်နေ့အထိ အတန်းအလိုက် လာရောက်အပ်နှံ၍ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ပထမနှစ် Grade-10 ၌ စက်မှုဘာသာရပ်တွင် ၂၇ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၇ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၃ ဦး၊ စုစုပေါင်း ၃၇ ဦး၊ ဒုတိယနှစ် Grade-11 ၌ စက်မှုဘာသာရပ်တွင် ၄၆ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၂၅ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၁၃ ဦး၊ စုစုပေါင်း ၈၄ ဦး၊ တတိယနှစ် Grade-12 ၌ စက်မှုဘာသာရပ်တွင် ၄၉ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၂၂ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၇ ဦး စုစုပေါင်း ၇၈ ဦး အထိရှိကာ သတ်မှတ်အတန်းများအလိုက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၀၈ ဦးတို့က စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က ပြောသည်။

အဆိုပါကျောင်း၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုများကို မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ကြီးရုံးခန်း၌ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူများ ကျောင်းအုပ်ဆရာကြီး၊ အတန်းပိုင်ဘာသာရပ်သင်ကြားရေး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ယခုပညာသင်နှစ်အတွက် Grade-10 ကျောင်းသားအသစ်များထပ်မံရရှိရေး စီမံဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ အားလုံးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး မေဂျာဘာသာရပ်များနှင့် ကျောင်းသင်ဘာရပ်များကို (၃)နှစ်ကြာ စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကိုအသုံးပြု၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားရေး နည်းပြ ဆရာ၊ ဆရာမများက စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းတွင်း သတ်မှတ်ချက်အရည်အချင်းများနှင့်ကိုက်ညီပြီး တက်ရောက်ပြီးစီးအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်ထားသော တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများတွင် လွယ်လင့်တကူ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရရှိစေနိုင်မှာဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)