အထက်မင်းလှ ဇွန်လ ၄
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လျှပ်စစ်သံဂဟေဆက်အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းမှသင်ကြားပေးသည့် နည်းပညာဖြင့် ဆက်လက်အသုံးချလုပ်ကိုင်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင် ဦးစန်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးကပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံခဲ့သည်။ အဆိုပါသင်တန်းကို ၆-၅-၂၀၂၆ ရက်နေ့မှ ၄-၆-၂၀၂၆ ရက်နေ့အထိ သင်တန်းနည်းပြဆရာက သင်တန်းသား(၂၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဝင်းမြတ်(အထက်မင်းလှ)