ငဖဲ ဇွန် ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဇင်ပြွန်းကျေးရွာအုပ်စုနှင့် ကျောင်းကုန်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှမန်နေဂျာ ဒေါ်သီသီမာက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများအား ယခုအစိုးရသစ်၏ ရက်၁၀၀ စီမံချက်အရ မေလ ၁၂ ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားများအား ချေးငွေနှုန်းထားစည်းကမ်းသတ်မှတ်ချက်များနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးပေးမည့်ကိစ္စရပ်များကို ဆွေးနွေးပြော ကြားသည်။
ထို့နောက် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီသီမာနှင့်ဝန်ထမ်းများက ဇင်ပြွန်းကျေးရွာအုပ်စုမှ တောင်သူ ၅၃ ဦး၏ မိုးစပါး ၁၃၄ ဧက၊ နှမ်းသီးနှံ ၁၅ ဧက စုစုပေါင်းစိုက်ဧက ၁၄၉ ဧက အတွက် ချေးငွေကျပ် ၄၃၉.၅၀ သိန်းနှင့် ကျောင်းကုန်းကျေးရွာအုပ်စုမှ တောင်သူ ၂၆ ဦး၏ မိုးစပါး ၅၀ ဧကနှင့် နှမ်းသီးနှံ ၁၀ ဧက စုစုပေါင်း စိုက်ဧက ၆၀ အတွက် ချေးငွေကျပ် ၁၇၅ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့်ထုတ်ချေးပေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများအား ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)