မင်းဘူး (စကု) မြို့နယ်၌  ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေး

မင်းဘူး ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးခြင်းကို ဇွန် ၃ ရက် နံနက် ၁၀ နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းဘူးခရိုင်ဘဏ်ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်နွယ်နွယ်စိုးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးနေမှု နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တာဝန်ရှိသူများက စကုမြို့ အမှတ်(၃)ရပ်ကွက်မှ ဒေသခံတောင်သူများထံ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းဘူးခရိုင်ဘဏ်ခွဲရုံးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုပေါင်း (၆၂)အုပ်စုမှ တောင်သူပေါင်း ၆၅၀၀ ဦး၏ စပါးသီးနှံ ၁၇၅၀၅ ဧကနှင့် အခြားသီးနှံ ၂၂၉၉၄ ဧက အတွက် ငွေကျပ်သန်းပေါင်း ၁၁၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသခံတောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ချေးပေးနိုင်ရေး ရက် (၁၀၀) စီမံချက်အတွင်း ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း (၁၂) အုပ်စုမှ တောင်သူပေါင်း ၇၃၆ ဦး၏ စပါးသီးနှံ ၁၅၉၇ ဧကနှင့် နှမ်းသီးနှံ ၂၉၄၈ ဧကအတွက် ချေးငွေ ကျပ်သန်းပေါင်း ၁၂၁၆ ဒသမ ၁၀၀ ကျပ်သန်းအထိ တိုးမြှင့်ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေကို စပါးသီးနှံ တစ်ဧကလျှင် ငွေ ၃၀၀၀၀၀ ကျပ်နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေ ၂၅၀၀၀၀ ကျပ်နှုန်း သတ်မှတ်၍ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိနေသော ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ဘဏ်ခွဲ မန်နေဂျာ ဒေါ်နွယ်နွယ်စိုးထံမှ သိရသည်။

မောင်မောင်(မင်းဘူး)