မကွေး ဇွန် ၄
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်မကွေးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာ မိမိတို့တိုင်းဒေသကြီးအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအကြားဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား သည်။
ထို့နောက် မကွေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးက မကွေးခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် မကွေးမြို့နယ်အတွင်းရှိ မြို့မိမြို့ဖ (၃) ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်လျက်ရှိသော လိုအပ်ချက်များကိုကဏ္ဍအလိုက် အသီးသီးအကြံပြုတင်ပြကြသည်။ ဆက်လက်၍ မြို့မိမြို့ဖများနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)