အောင်လံမြို့နယ်၌ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ နည်းပညာပေးသင်တန်း ဖွင့်လှစ်

အောင်လံ ဇွန် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော "သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ နည်းပညာပေးသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အောင်လံမြို့နယ်၊ သံရွာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာကို စနစ်တကျပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေမည့်အပြင် မြေဆီလွှာအဟာရဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းလှအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သဘာဝမြေဩဇာ စနစ်တကျ ပြုလုပ်သုံးစွဲနည်း နည်းပညာရပ်များကို ဒေသခံတောင်သူများ လက်တွေ့အသုံးချနိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါ နည်းပညာပေးသင်တန်းသို့ အောင်လံမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး၊ သင်တန်းတွင် သဘာဝမြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်နှင့် စနစ်တကျသုံးစွဲနည်းလမ်းများကို စာတွေ့လက်တွေ့ စနစ်တကျ နည်းပညာပေး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)