ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ပြည်သူများသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားပြီး စနစ်တကျကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဇွန် ၂ ရက်နေ့က ပွင့်ဖြူမြို့နယ် ဘုရားကုန်းစံပြကျေးရွာသို့သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး စွမ်းအားမြှင့် သံပုံးစွပ်မီးဖိုများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် နှစ်စဉ်သစ်တောစိုက်ခင်းများကို အကောင်အထည်ဖော်စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျေးရွာနေပြည်သူများ၏ သစ်၊ တိုင်၊ မျော၊ ထင်း စသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး ကျေးရွာသုံးသစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲ၍ ထုတ်ယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ကြစေလိုကြောင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်အောင် ထင်းအစားအခြားလောင်စာများကို တိုးမြှင့်သုံးစွဲသွားကြစေလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများနှင့် ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေနှင့်ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ဒေသခံပြည်သူများကို ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲနိုင်ရေး စွမ်းအားမြှင့်သံပုံးစွပ် မီးဖိုများကို အခမဲ့ ဖြန့်ဝေးပေးသည်။
အဆိုပါ ဘုရားကုန်းစံပြကျေးရွာရှိ အိမ်ထောင်စု ၁၃၉ စုအား ထင်းလောင်စာအစားထိုး အခြားလောင်စာတိုးမြှင့် သုံးစွဲနိုင်ရန်အတွက် စွမ်းအားမြှင့်သံပုံးစွပ်မီးဖိုထောက်ပံ့ပေးခြင်းကို ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မီးဖိုအလုံးရေ(၇၀)လုံး၊ မင်းဘူးခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မီးဖိုအလုံးရေ(၆၉)လုံး၊ စုစုပေါင်း စွမ်းအားမြှင့်သံပုံးစွပ်မီးဖိုအလုံးရေ (၁၃၉)လုံး အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ထောက်ပံ့ရန်ကျန်ရှိသော မီးဖိုများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )