ဘားအံ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္တရံမြစ်၊ သောင်ရင်းမြစ်၊ ယွန်းစလင်းမြစ်နှင့် ချောင်း၊ မြောင်း၊ အင်း၊ အိုင်များ ပေါးများကာ ထိုင်းနိုင်ငံ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။
မြစ်ချောင်းအင်းအိုင်များ ပေါးများစွာရှိခြင်းနှင့်အတူ ရှေးဘိုးဘွားဘီဘင်များ လက်ထက်ကတည်းကပင် သဘာဝငါးသယံဇာတဖြင့်ပြုလုပ်သည့် ကရင်ရေချိုငါးပိကို စဉ့်အိုးဖြင့်သိပ်၍ တစ်ရာသီ၊ တစ်မိုး၊ တစ်နှစ်အတွက်ထားရှိ စားသုံးသည့်အလေ့အထမှာ ကျေးလက်နေကရင်တိုင်းရင်းသားလူမျိုးများ၏ ဓလေ့တစ်ခုပမာ နေအိမ်တိုင်းတွင် ငါးပိစဉ့်အိုးထားရှိကာ နှစ်ခြိုက်စွာ ချက်ပြုတ်စားသုံးလေ့ရှိကြသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာ့နှင့်အဝှမ်း ကူးစက်ဖြစ်ပွားလာသည့်အခါ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံ တွင်လည်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး အစရှိသည့် လူမှုကိစ္စအဝဝတို့တွင် သက်ရောက်မှုရှိခဲ့ပြီး နိုင်ငံတကာတွင် စီးပွားရေးအလို့ငှာရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကို သံရုံးများမှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရကာ ကိုဗစ်ကာလတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သင်္ဘောသားများနှင့်ပို့ဆောင်ရေးအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ သူတစ်ဦးက ကိုဗစ်ကာလတွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၌ ယားအူး အမှတ်တံဆိပ်နှင့် ကရင်ရေချို ငါးပိစစ်စစ်ကို စနစ်တကျထုတ်ပိုးပြင်ဆင်၍ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်း လုပ်ငန်းအနေဖြင့် ဈေးကွက်အတွင်း တင်သွင်းရောင်းချခဲ့ရာ အောင်မြင်လျက်ရှိပြီး ပြည်တွင်းနှင့် ပြည်ပရောက် ကရင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ မှာယူစားသုံးလျက်ရှိသကဲ့သို့ စိတ်ဝင်စား သည့် နိုင်ငံခြားသားများလည်း စမ်းသပ်စားသုံးလို၍ မှာယူလေ့ရှိကြောင်း သိရသည်။
“ကျွန်တော့ရဲ့အရင်အလုပ်အကိုင်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သင်္ဘောသားတွေ ပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ အေဂျင်စီတစ်ခုမှာ မန်နေဂျာအနေနဲ့လုပ်ခဲ့တာကတော့ ၁၀ နှစ်ကျော်ရှိခဲ့ပါပြီ၊ ကိုဗစ်စဖြစ် ကတည်းက ကျွန်တော်တို့ လုပ်ငန်းတွေလဲ ရပ်ဆိုင်းခဲ့ရတယ်၊ တဖြည်းဖြည်းကြာလာတော့ မိသားစု စားဝတ်နေရေးအတွက် အခုလိုတစ်ပိုင်တစ်နိုင် အိမ်တွင်းလုပ်ငန်းအနေနဲ့ စတင်ဖြစ်ခဲ့တာပါ၊ အဒေါ်တစ်ယောက်က ကရင်ငါးပိစစ်စစ်ကိုလုပ်လာတာ နှစ်ပေါင်း ၄၀ ကျော် ရှိပြီ၊ ကျနော်တို့အမြဲတမ်းသူ့ ဆီမှာသွားဝယ်စားတယ်၊ ပြီးတော့ ရန်ကုန်တို့၊ မန္တလေးတို့ စသည်ဖြင့် နယ်က မိတ်ဆွေတွေဆီ ကိုဝယ်ပြီးလက်ဆောင်ပေးတာမျိုးတွေ လုပ်ဖြစ်ခဲ့တယ်၊ ကိုယ်တိုင် ဖြန့်ဖြူးရောင်းချဖို့တော့ စိတ်ကူး မိခဲ့တာ ကြာပါပြီ၊ တစ်ခါမှအကောင်အထည်မဖော်ဖြစ်ခဲ့ဘူး၊ အခုမထင်မှတ်ဘဲ ကိုဗစ်ကလဲ ဖြစ်သွားတယ်၊ အလုပ်ကလဲနားထားတယ်၊ ကိုယ်ပိုင်အားလပ်ချိန်တွေလည်းများလာတော့ အဒေါ်နဲ့ တိုင်ပင်ပြီး ထုတ်ပိုးမှု စနစ်တွေ၊ ဈေးကွက်ရှာဖွေရေးတွေလုပ်ပြီး အွန်လိုင်းကနေ အစမ်းသဘော မျိုးလုပ်ရင်းနဲ့ အားပေးတဲ့သူတွေ များလာတဲ့အတွက် အခုလိုမျိုး ဖြစ်လာတာပါ” ဟု ယားအူး ရေချိုကရင်ငါးပိစစ်စစ် ထုတ်လုပ်ရောင်းချသူ ကိုစောဘသက် ကပြောသည်။
အရှေ့ပိုးကရင်ဘာသာစကားတွင် ယားအူးဆိုသည်မှာ ငါးပိဟုအဓိပ္ပယ်ရပြီး မြန်မာနိုင်ငံရှိ အိမ်ထောင်ရှင် မတိုင်း ၏နှုတ်ဖျားတွင် ကရင်စကားတစ်ခွန်းကို မသင်ယူရဘဲ အလိုလိုတက်မြောက်စေ လိုသော ရည်ရွယ်ချက်ဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အွန်းလိုင်းမှတစ်ဆင့် ဝယ်ယူသူများကို ပို့ဆောင်ပေးသကဲ့သို့ ဘားအံမြို့တွင်း ဆက်သွယ်ဝယ်ယူပါကလည်း အိမ်တိုင်ရာရောက်လိုက်လံ ပို့ဆောင်ပေး လျက်ရှိကြောင်း၊ နယ်ကိုယ်စားလှယ်များအနေဖြင့် ရန်ကုန်၊ သထုံ၊ မြိတ်၊ ကော့ကရိတ်၊ မြဝတီ၊ ဘန်ကောက် စသည်ဖြင့် ၈ ဦးခန့်ထားရှိဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာလဖြစ်သော်လည်းမှာယူစားသုံးသူများသည့်အခါ မိသားစုတစ်ဦးတစ်ယောက်မျှ အနားရခြင်း မရှိဘဲ နေ့ညလုပ်ကိုင်ပေးကြရကြောင်း၊ ကျန်းမာရေးနှင့်ညီညွှတ်ရန်၊ အနံ့အရသာနှင့် အရည်အသွေးတို့ကို အဓိကဦးစားပေး ထိန်းသိမ်းပြီး နယ်ကိုယ်စားလှယ်များမှာယူပါက တစ်ရက်လျှင် အချိန် ၅၀ မှ ၆၀ ခန့်ထိ ရောင်းချရသကဲ့သို့၊ မြို့တွင်းနှင့် ပတ်ဝန်းကျင်ဒေသများကလည်း ပိဿာချိန်နှင့်မှာယူကြသည်များလည်း ရှိကြောင်း၊ အမေရိကန်၊ ကနေဒါ၊ ဩဇီ အစရှိသည့် ပြည်ပနိုင်ငံရောက် ကရင်တိုင်းရင်းသားများကလည်း မှာယူစားသုံးကြကြောင်း၊ ပြည်ပသို့ပို့ဆောင်ရာတွင် စနစ်တကျ ထုတ်ပိုးပြီး နယ်စပ်ဖြတ်ကျော် အခွန်ဆောင်၍ ထိုင်းနိုင်ငံ DHL ဖြင့် ပို့ဆောင်ပေးကြော့င်း၊ စင်္ကာပူ၊ အင်္ဂလန်နှင့် နော်ဝေ နိုင်ငံများသို့ ထိုင်း EMS ဖြင့် ပို့ဆောင်ပေးကြောင်း၊ ပြည်ပမှ မှာယူစားသုံးသူများသည့်အတွက် မကြာမကြာပို့ ဆောင်ပေး ရကြောင်း၊ နိုင်ငံခြားသို့ တင်ပို့ရာတွင် ကီလိုနှင့်ချိန်၍ ပြည်တွင်း၌ ပိဿာချိန်ဖြင့် ရောင်းချကာ ဈေးနှုန်းတူသာရောင်းချ ပြီး ပြည်ပသို့တင်ပို့ရာတွင် ငါးပိဈေးထက် တင်ပို့စရိတ်ကပိုများလေ့ရှိကြောင်း ယားအူး ကရင်ငါးပိဖြန့်ဖြူးရောင်ချသူ ကိုစောဘသက်က ရှင်းပြသည်။
ယားအူး အမှတ်တံဆိပ်နှင့် ကရင်ငါးပိကို သုံးမျိုးထုတ်လုပ်ပြီး ငါးပေါင်းစုံ ကရင်ငါးပိစစ်စစ်၊ ငါးစဉ် ရိုင်းငါးပိနှင့် နှစ်မျိုးစပ် ထူးရှယ်ငါးပိဟု ခွဲခြားထားပြီး တစ်ပိဿာ ငွေကျပ် လေးထောင်မှ ငါးထောင် ငါးရာထိ ရောင်းချရကြောင်း၊ ပြည်ပမှ မှာယူပါက ငါးပိဖိုးအပြင် သယ်ယူပို့ဆောင်စရိတ်ကိုပါ ထည့်သွင်း တွက်ချက်၍ရောင်းချရကြောင်း၊ ငါးပိထုတ်လုပ် ဖြန့်ဖြူးသည့်လုပ်ငန်းကို အလုပ်သမားမခေါ်ဘဲ မိသားစု ဝင်များဖြင့်သာလုပ်ကိုင်ပြီး လက်တစ်လော ကိုဗစ်ကာလ လုပ်ငန်းများရပ်နားထားချိန်တွင် မိသားစု စားဝတ်နေရေး တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)