တောင်တွင်းကြီးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

တောင်တွင်းကြီး ဇွန် ၄

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၂)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်အရောက် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ် ၃၀၀,၀၀၀/- နှုန်းဖြင့်လည်းကောင်း၊ နှမ်း ပဲတီစိမ်းတစ်ဧကလျှင် ငွေကျပ် ၂၅၀,၀၀၀/- နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀ လျှင် ၄၂ ပြားနှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်တွင်အရင်းနှင့်တကွ ကျသင့်သည့်အတိုးကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ တောင်သူ (၇၆၇)ဦးအား စပါးစိုက်ဧက (၂၇၁၇)ဧက၊ နှမ်းစိုက်ဧက (၄၂၉)ဧက၊ ပဲတီစိမ်း စိုက်ဧက (၁၂)ဧက ုစုပေါင်းစိုက်ဧက(၃၁၅၈)ဧကအတွက် ငွေကျပ်သိန်းပေါင်း (၉၂၅,၅၀,၀၀၀)အား ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)