မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး

မကွေး ဇွန် ၄

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ပေါ်ရှိအခြေခံပညာကျောင်းများသို့လိုက်လံကြည့်ရှုအားပေးသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူများ သတ်မှတ်အတန်းများအလိုက် စိတ်အေးချမ်းသာစွာပညာသင်ကြားနေမှု၊ ဆရာ၊ ဆရာမများ၏ သင်ကြားပြသပေးနေမှု၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများစုံလင်စွာ ထောက်ပံ့ပေးအပ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးကာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်ပြီးဗလငါးတန်နှင့် ပြည့်စုံသောအနာဂတ်လူငယ်လူရွယ်များဖြစ်လာစေရန် စနစ်တကျပြုစုပျိုးထောင်ပေးကြရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းလုံခြုံရေးတို့ကို အမြဲမပြတ်ဂရုပြုဆောင်ရွက်ကြရန် တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအား လမ်းညွှန်မှာကြားကာ ကျောင်းများအတွက် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၄၄၁၆)ကျောင်းတို့ ဖွင့်လှစ်လျက်ရှိပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈၄၁၈၅)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံး တာဝန်ရှိ သူထံမှ သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)