မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာ(၃) ရွာသို့ VRFP ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

မြောင်းမြ   သြဂုတ်  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ (Village Revolving Fund Project-VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦးက အမှာစကားပြောကြားပြီး ဦးနုချောင်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၊ တောင်ကလေးကျေးရွာအုပ်စု သစ်ဆိမ့်ကုန်းကျေးရွာနှင့် လင်းဒိုင်းလက်ပံကျေးရွာအုပ်စု ဖလောက်ချောင်းကျေးရွာတို့မှ စီမံကိန်းကော်မတီတို့အား မြောင်းမြခရိုင် ကျေးလက်ဦးစီးမှူး ဦးသင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဌေးနှင့် မြို့နယ်သမဦးစီးမှူး ဒေါ်စန္ဒာညွန့်တို့က (VRFP) စီမံကိန်း ရန်ပုံငွေများကို  သက်ဆိုင်ရာကျေးရွာ ကော်မတီများသို့ အသီးသီးပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများလူမှုစီးပွား ထိခိုက်မှုများဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ လိုအပ်သည်များကို ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project-VRFP) စီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းစိုး ပြောကြားချက် အရ သိရသည်။

ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project - VRFP)  ဆောင်ရွက်မည့် ကျေးရွာများအနေဖြင့် ကျေးရွာအတွင်းရှိ အိမ်ခြေအနည်းအများအလိုက် ရန်ပုံငွေများ ရရှိမည်ဖြစ်ပြီး  ကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးရွာ ကုန်ထုတ်လုပ်ငန်း၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြ(ပြန်/ဆက်)