၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရက်(၁၀၀)စီမံကိန်း "Football For School Program MFF "D" Certificate Coaching Course" အခမ်းအနားကျင်းပ

ပုသိမ်   ဇွန်   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ယနေ့နံနက်ပိုင်း၌ အခြေခံပညာဦးစီးဌာန ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရက်(၁၀၀)စီမံကိန်း "Football For School Program MFF "D" Certificate Coaching Course" အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်း‌ဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာ သင်းမာလာက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Football For School Program အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် FIFA မှ ပေးအပ်လှူဒါန်းသော ADIDAS SIZE - 4 ဘောလုံး‌(၈၉၂၁)လုံးကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း (၆၉၉၁)ကျောင်းကို သတ်မှတ် ခွဲတမ်းများအတိုင်း ဖြန့်ဝေပေးပြီးဖြစ်ပါကြောင်း၊ ADIDAS SIZE - 4 ဘောလုံး‌များသည် အသက် (၁၄)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအတွက်ဖြစ်ပြီး Football For School Launching Festival (Pilot Project) ဘောလုံးပွဲတော်ကို (၉-၆-၂၀၂၆)ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဘောလုံးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေး ကြိုးစားဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သင်တန်းနည်းပြဆရာတစ်ဦးက သင်တန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကာယပညာ ဆရာ(၄၄)ဦးနှင့် ဆရာမ (၆)ဦး စုစုပေါင်း(၅၀)ဦးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းပြဆရာ(၂)ဦးက ၃-၆-၂၀၂၆ ရက်နေ့မှ ၆-၆-၂၀၂၆ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)