ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)၏ ဒသမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် သူနာပြုသိပ္ပံ(ပုသိမ်)၏ ဒသမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဧရာဝတီ တိုင်းဒေသကြီးတွင် နိုင်ငံတော်အတွက် အားထားရမည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ ကျောင်း(၃)ကျောင်းရှိပြီး နှစ်စဉ် သူနာပြုသစ်လွင်များ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် သူနာပြုသိပ္ပံ (ပုသိမ်)မှ သစ်လွင်သူနာပြု(၆၁)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျသည့် နေရာဒေသတွင်လည်း ပြည်သူများအပေါ် စေတနာအရင်းခံထားပြီး နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးကြရန် လိုပါကြောင်း၊ ပြည်သူကိုဗဟိုပြုသော ကျန်းမာရေးစနစ်ကို အောင်မြင်အောင်ဖော်ဆောင်ရန် သူနာပြု-သားဖွားများက အရေးကြီးသကဲ့သို့ သူနာပြု-သားဖွားများကိုယ်တိုင် အရည်အသွေးပြည့်မီအောင်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက် ထူးချွန်အောင် သင်ယူလေ့ကျင့်ကြရန်လိုပါကြောင်း ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မြောင်းမြမြို့ သူနာသင်တန်းကျောင်းတွင်ပြုလုပ်သည့် တတိယအကြိမ်သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြ‌ကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)