လွိုင်ကော်မြို့၌ သတင်းမှတ်တမ်း ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်

လွိုင်ကော်  ဇွန် ၃

ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်ရုံးက ကြီးမှူးဖွင့်လှစ်သည့် သတင်းမှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်မျိုးသိန်းက ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်သွားရန်၊  သင်ခန်းစာ ပို့ချဆွေးနွေးချက်များကို မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်းဖြင့် ဌာနအကျိုး၊ ပြည်နယ်အကျိုးကို တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်းစသည်ဖြင့်ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့မှ သင်တန်းအတွက် ထောက်ပံ့သည့်ချီးမြှင့်ငွေများကို ပေးအပ်ရာ လွိုင်ကော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက လက်ခံရယူသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူး ဒေါ်ချိုနွယ်ဌေးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို  ဦးစီးဌာန(ရုံးချုပ်)မှ နည်းပြဖြင့် ဓာတ်ပုံပညာအခြေခံ၊ ဓာတ်ပုံဖွဲ့စည်းမှုပညာ၊ အလင်းပေးမှု၊ မှန်ဘီလူးအသုံးပြုမှု၊ သတင်းမှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်းစနစ်များ စသည့် သင်ခန်းစာများကို ဇွန်လ နှစ် ရက်မှ ငါးရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး  ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၃၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)