လွိုင်ကော် ဇွန် ၃
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ကလွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် ယခုတွေ့ဆုံပွဲကို ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအားလုံးက ထိထိရောက်ရောက် ပံ့ပိုးဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကိုသိရှိပြီး ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြည်နယ်အေဂျင်စီအနေနှင့် MSMEလုပ်ငန်းများအတွက်အဟန့်အတား ဖြစ်နေသည့် ကိစ္စရပ်များကို ကျော်လွှားနိုင်ရန်၊ ကျွမ်းကျင်လုပ်သားလိုအပ်ချက် ပြည့်မီအောင် လေ့ကျင့်ပျိုးထောင်ရန်နှင့်အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်း၊ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ ချေးငွေများထုတ်ချေးပေးခြင်း၊ ဈေးကွက်ချဲ့ထွင် နိုင်ရေးအတွက် ဒေသတွင်းအဆင့် ထုတ်ကုန်ပြပွဲများ၊ ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ပေးခြင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်ပြသရောင်းချစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုနှင့်အတူ တက်ရောက်လာ သူအားလုံးက MSME လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင်ကြုံတွေ့ ရသည်အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည် းပေးရန်များကို တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြမှုများအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေအား ပြန်လည်ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်ပစ္စည်းများခင်းကျင်းပြသထားမှုကိုလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းသို့သွားရောက်ပြီး ကျောင်းသူကျောင်းသားများ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းတက် ရောက် ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများ အတွက် ကျောင်းသုံးပရိဘောဂများ ပြည့်စုံစွာ ဖြည့်တင်း ပေးနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် ပြန်/ဆက်