ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး အသိပညာပေးဆွေးနွေး

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်/  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၅) မူလတန်းလွန်ကျောင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ ဥပဒေ နည်းဥပဒေဆွေးနွေးပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ တက်ရောက်လာသည့်ပြည်သူများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက်  ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ကို ပြည်သူများမှ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုရှိပြီး ကျေးရွာပေါင်း(၂၈၆)ရွာရှိကြောင်းသိရသည်။

မျိုးမင်းဦး ပြန်/ဆက်