ဒေးဒရဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ လက်မှုအတတ်ပညာဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမြသိန်းမောင်က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ လျှပ်စစ်သံဂဟေဆက် သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်တန်း သားများအနေဖြင့် ကြိုးကြိုးစားစား သင်ယူကြရန်နှင့် သင်တန်းပြီးမြောက်ပါက တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်၍ အပိုဝင်ငွေတိုးပွားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်အေးအေးသန့်က သင်တန်းစည်းကမ်း ချက်များနှင့် သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်များအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစတင်၍ သံတွက်ချက်မှုပညာရပ်များ၊ သံဖြတ်ခြင်း ပညာရပ်များ၊ သံဂဟေဆက်ခြင်း၊ အိမ်သုံးရုံးသုံးပစ္စည်းများပြုလုပ်ခြင်းနှင့် အဆောက်အဦ တည်ဆောက်ခြင်း ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း