ချင်းပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ ဟားခါးမြို့ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၆−၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်လှစ်မှုအား သွားရောက် ကြည့်ရှုစစ်ဆေး

ဟားခါး ဇွန် ၂

၂၀၂၆−၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်နေ့မှစ၍ စတင်ဖွင့်လှစ်လျက်ရှိရာ ဇွန် ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းဖွင့်လှစ်နေမှုအခြေအနေအား ချင်းပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ သွားရောက်ကာ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေများ၊ အမှတ်(၂) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ အခြေခံပညာကျောင်းသုံးပုံနှိပ်စာအုပ်များ သိုလှောင်ထားရှိမှုအခြေအနေနှင့် မြို့နယ်ပညာရေးမှူးရုံး၌ Placement Test ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ဖြေဆိုခွင့်လျှောက်လွှာများ လက်ခံဆောင်ရွက်ပေးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၆−၂၀၂၇ ပညာသင်နှစ်၊ ဟားခါးမြို့နယ်အတွင်း (၂၅.၅.၂၀၂၆ ရက်နေ့မှ ၃၁.၅.၂၀၂၆ ရက်နေ့အထိ) ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူပေါင်း (၅၄၁၈) ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)