ဟားခါး ဇွန် ၂
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ဇွန် ၂ ရက်နံနက် ၁၀ နာရီတွင် ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမနေ့စတင်ကျင်းပကြောင်းနှင့် တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး အတည်ပြုမှတ်တမ်းတင်ကြောင်းကြေညာသည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၀၈ (ခ)အရ ပြည်နယ်တရားလွှတ်တော်တရားသူကြီး အမည်စာရင်း တင်သွင်းခြင်းကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က ဒေါ်နှင်းကေသီဝင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ချင်းပြည်နယ်တရားလွှတ်တော်အား အမည်စာရင်း တင်သွင်းခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောတူညီချက်အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒေါ်နှင်းကေသီဝင်းအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ(၆၀)၊(၆၁)အရ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်း၊ ပြည်နယ်စာရင်း စစ်ချုပ် ဦးမောင်မောင်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးကျော်သောင်းအောင်တို့က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုကြကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီး တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားခဲ့ကြောင်း သိရှိရသည်။
ယနေ့ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦး တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)