သံတောင်ကြီးမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တတိယအကြိမ်တွေ့ဆုံ ဆွေးနွေး

သံတောင်ကြီး         ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့်  ရှေ့ဆက်လုပ်ငန်းများဆောင်ရွက်နိုင်ရန်  မြို့နယ်ကရင်စာပေနှင့် ယဉ် ကျေးမှုအသင်း၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ဇိုင်း ယာန်းဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စောဒီထူးက သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုးအများစု နေထိုင်သည့် ဒေသဖြစ်သည့်အားလျော်စွာ မိမိတို့၏ စာပေ၊ ယဉ်ကျေးမှုများကို သိရှိပြီး မြတ်နိုးတန်ဘိုးထား ထိန်းသိမ်းစောင့်ရှောက် ရန် ၊ မြို့နယ်အတွင်းတွင် ကရင်စာပေနှင့်ယဉ်ကျေးမှု ‌ ရုံးမြေနေရာသီးသန့်ထားရှိနိုင်ရေး အတွက် ဆောင်ရွက်မည့် အစီအမံများ၊ ကော်မတီများဖွဲ့စည်းရာတွင်လည်း သံတောင်ကြီး မြို့နယ်အတွင်းရှိ  မျိုးနွယ်စုများဖြစ်သည့် စကောကရင်၊ ဘွဲကရင်၊ ပကူးကရင်၊ မိုဘွာ ကရင်၊ ဂေဘားကရင် ၊ ကရင်ဖြူမျိုးနွယ် စုများ အားလုံးပါဝင်စေရန် အတွက် ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း နာယကဆရာမကြီး နော်လဲဒါ က သံတောင်ကြီးမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှုကို ဖွဲ့စည်းနိုင်သည့်အတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရန် နှင့် ရေရှည်တည်တံ့စေရန် အတွက် ရန်ပုံငွေများလိုအပ်ကြောင်း ၊ နောင်လာနောင်သားများ မိမိတို့၏စာပေယဉ်ကျေးမှုများကို သိရှိစေရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ကရင်စာပေ နှင့် ယဉ်ကျေးမှုအသင်းများက ကရင်စာပေ နှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပေါင်းစပ်ဆွေးနွေးခဲ့ပြီး သံတောင်ကြီးမြို့နယ် တွင် အများအားဖြင့် ဘွဲကရင် ၊စကောကရင်၊ ပကူးကရင် ၊ မိုဘွာကရင် ၊ ဂေဘားကရင်  နှင့် ကရင်ဖြူလူ မျိုးများနေထိုင်ပါကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ   ဒီထူးထံကသိရသည်။

မြို့နယ်ပြန်/ဆက်