ရွှေဘို ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက အစိုးရနည်းပညာ ကောလိပ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်မှ သဘာဝဘေးကို တားဆီး၍မရ နိုင်သော်လည်း နည်းပါးအောင် လျော့ချနိုင်ရန်အတွက် ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံ တော်အစိုးရ ၊ ပြည်သူများပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်၊ ငလျင်လှုပ်ပြီး နောက် ဆောင်ရွက်ရမည်အချက်များကို သိရှိလိုက်နာပြီး ငလျင်လှုပ်ခတ်မှုနှင့်အတူ ဖြစ်ပေါ်နိုင်သော မီးလောင်မှုများကိုလည်း ဂရုစိုက်၍ လက်ဦးမှုရယူပြီး ငြှိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ၊အရန်မီးသတ် တပ်ဖွဲ့ဝင်များ ၊ RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အထောက်အကူပြု ပစ္စည်းများဖြစ်သည့် RESCUE TOOL များဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် ယာဉ်တိမ်းမောက်၍ ယာဉ်အောက်တွင် ပိမိနေသော လူများအား ရှာဖွေကယ်ဆယ်ခြင်း ၊ အဆောက်အဦးတွင် ပိမိနေသော လူများအား အာရုံခံကိရိယာ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းများနှင့် ပိုလန်နိုင်ငံမှ Heavy RESCUE & Lifting (44) Ton ယာဉ်ဖြင့် တိမ်းမှောက်နေသော ယာဉ်ကိုမတင်ခြင်း ၊ ရှင်းလင်းဖယ်ရှားခြင်း သရုပ်ပြဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ငလျင်လှုပ်ခတ်မှုနှင့်တစ်ဆက်တည်း မီးလောင်မှုများ ဖြစ်ပွားနိုင်ခြင်း ကြောင့် မီးလောင်မှုများအား မီးသတ်ဆေးဗူးအသုံးပြု၍ ငြှိမ်းသတ်ခြင်း၊ အထက်မြင့်တိုက်များ တွင် မီးလောင်များ ဖြစ်ပွားပါက လှေကားတင်ယာဉ်ဖြင့် ငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်များအား Foam Truck မီးငြှိမ်းသတ်ယာဉ်ဖြင့် ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ရွှေဘိုခရိုင်သည် စစ်ကိုင်းပြတ်ရွေ့အတွင်း ကျရောက်ပြီး ငလျင်လှုပ်ခတ်၍ ပျက်စီးဆုံး ရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့ပါက ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများကို အချိန်နှင့်တစ်ပြေးညီ စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများဖြင့် ဆောင်ရွက်နိုင်ရန် ရွှေဘိုခရိုင်မီးသတ်စခန်းတွင် ပိုလန်နိုင်ငံမှ Heavy RESCUE & Lifting (44) Ton ယာဉ်အား ဖြည့်ဆည်းဆောင်ရွက်ထားရှိကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ထံမှသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)