မော်လမြိုင်ကျွန်းမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်လှစ်သင်ကြား

မော်လမြိုင်ကျွန်း     ဇွန်     ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် ဒေသအတွင်း မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ၌ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်းကို ဇွန် ၁ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော် ဦးဆောင်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် မီးဘေးကြိုတင်ကာကွယ်ရေး၏ အရေးပါမှု၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများနှင့် အရေးပေါ်အခြေအနေများ၌ စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအား မီးသတ်လုပ်ငန်းဆိုင်ရာ အခြေခံသီ အိုရီများ၊ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးငြှိမ်းသတ်ရေး နည်းစနစ်များ၊ မီးသတ်ပစ္စည်းများ အသုံးပြုပုံများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြားပေးခဲ့သည်။ ထို့ပြင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်က မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများ၊ မီးလောင်မှုဖြစ်ပွားချိန်တွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များကို သရုပ်ပြသင်ကြား ပေးခဲ့ပြီး သင်တန်းသားများအား ကိုယ်တိုင်လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းမှတဆင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ်ဖြစ်ပွား ချိန်များတွင် အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန် / ဆက်)