အိမ်မဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် မီးသတ်ဦးစီးမှူးရုံးအစည်း အဝေး ခန်းမတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအားအကြိုအခြေခံမီးသတ် ပညာသင်တန်း (၂/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁ ရက်နေ့ နံနက် (၉)နာရီအချိန်ကကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သင်တန်းဖွင့်အမှာ စကားများကိုလည်းကောင်း၊ အိမ်မဲမြို့နယ်မီးသတ်ဦးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံစိုး က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုလည်းကောင်းအသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသော အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများအား မြို့နယ်မီးသတ်ဦးစီးအရာရှိမှရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက် မှာတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်စွမ်းရည်၊ မီးငြှိမ်းသတ်ရေးစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည် များပြည့်ဝ စေရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဈေးနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက်သင်တန်းပေးခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုးနည်း ပါးစေရန်ဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်တန်းသားဦးရေ (၄၃)ဦး အား (၅)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ် ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)