ကြံခင်းမြို့နယ်အတွင်း၌ ပြည်သူ့ဆန္ဒဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်

ကြံခင်း   မေ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု များတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုချောမွေ့ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူ့များ၏ အများဆန္ဒဖြင့် အုပ်ချုပ်ရေးမှူး အသစ်ရွေး ချယ်ပွဲ ကို ရပ်ကွက် ၅ ခုနှင့်ကျေးရွာအုပ်စု ၃၀ စုတို့ရှိ ဓမ္မာရုံများ၊ ဘုရားစေတီတန်ဆောင်းများနှင့် ဘက်စုံသုံးခန်းမများတွင် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ စနစ်တကျ ရွေးချယ်ပွဲများ ပြုလုပ် လျက်ရှိသည်။

ရွေးချယ်ပွဲများသို့ မြို့နယ်ဦးစီးမှူးများပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့ ၇ ဖွဲ့မှ သက်ဆိုင်ရာ ရပ်ကွက်/အုပ်စုများသို့သွားရောက်၍ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကြီးကြပ်ရေး အဖွဲ့များမှ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ စနစ်တကျ ရွေးချယ်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကူညီပေး လျက်ရှိသည်။ အဆိုပါ ရပ်ကွက်/အုပ်စုများရှိ မဲပေးခွင့်ရှိသူ ဒေသခံအိမ်ထောင်စု ကိုယ်စားလှယ် ပြည်သူများ လွတ်လပ်ပွင့်လင်းစွာ မိမိတို့ဒေသအတွင်း အုပ်ချုပ်‌ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးစီးဦးဆောင်ဖြင့် ဆောင်ရွက်မည့် အုပ်ချုပ်ရေးမှူးလောင်းအား ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြပြီးနောက် ကြီးကြပ်ရေးအဖွဲ့များမှ ရရှိလာသော ဆန္ဒမဲများကို ပွင့်လင်းမြင်သာစွာမဲရေတွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။ ထို့နောက် မဲအများဆုံး ရရှိသူအား ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ တာဝန်ခံ၊ အုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)