မော်လမြိုင်ကျွန်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းများဖွင့်လှစ်သည့် ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအသီးသီးသို့ စိတ်အားထက်သန်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိကြပြီး ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဝတ်စုံ၊ ဆံပင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ဝတ်စားဆင်ယင်မှုများကို စစ်ဆေးကြပ်မတ်ကာ စည်းကမ်းရှိစွာ ပညာသင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် သင်ကြားရေးလုပ်ငန်းများကို သင်ရိုးညွှန်းတမ်းနှင့်အညီ စနစ်တကျ စတင်သင်ကြားပို့ချ ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ဘေးကင်းလုံခြုံသော သင်ယူမှုပတ်ဝန်းကျင် ဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၈၂)ကျောင်း၊ ဘ.ကကျောင်း (၃၀)နှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ပုံမှန်တက်ရောက်သင်ကြား လျက်ရှိပြီး အရည်အသွေးပြည့်ဝသော ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆရာ၊ ဆရာမများက ကြိုးပမ်းသင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)