ကျိုက်လတ် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းကျောင်း (၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၁)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၈)ကျောင်း၊ မူလတန်းကျောင်း (၁၁၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း (၁)ကျောင်းစုစုပေါင်း (၂၀၃)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/ သူစုစုပေါင်း (၂၈၂၉၆)ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေး ညွှန်ကြားချက်နှင့်အညီ ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)