နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေး

နတ်မောက် ဇွန် ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာ၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်းကို ယမန်နေ့ နံနက်၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း( ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နိုင်ငံတော်အစိုးရ၏ ရက်( ၁၀၀)စီမံချက်အတွင်း ပါဝင်သည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဆောင်ရွက်ရာတွင်လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း၊ အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးများကို အပြည့်အဝရရှိနိုင်စေရန်ရည်ရွယ်၍ တံခွန်တိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ကျောင်းသူများအား အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက်(၁၀)နှစ်နှင့် အထက်မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်းနှင့် UIDကတ်ထုတ်ပေးခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးညီညီလွင်တို့က တံခွန်တိုင်ကျေးရွာရှိ ကျောင်းသား/ကျောင်းသူ(၂၃၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခဲ့ကြသည်။ နတ်မောက်မြို့နယ်အတွင်း အသက်(၁၀)နှစ်ပြည့်ကလေးငယ်(၄၅၃)ဦးနှင့် (၁၈)နှစ်ပြည့်ကလေးငယ်(၁၃၃)ဦး စုစုပေါင်း(၅၈၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

လှဝင်း