သရက်မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

သရက် ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဘဏ်ခွဲ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက်(၁၀၀) စီမံချက်ဖြင့်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၁၂.၅.၂၀၂၆ နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သရက်ခရိုင်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့ရာ ပေါက်တောကျေးရွာအုပ်စုမှ တောင်သူ (၁၅၁)ဦး မိုးစပါးဧက (၂၁၁) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ငွေကျပ် (၆၃၃.၀၀)သိန်း၊ အခြားသီးနှံဧက (၃၄၉)ဧကအတွက် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းငါးသောင်းနှုန်းဖြင့် ငွေကျပ် (၈၇၂.၅၀)သိန်း စုစုပေါင်းဧက (၅၆၀)အတွက် ချေးငွေ ကျပ်(၁၅၀၅.၅၀)သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သရက်ခရိုင် မန်နေဂျာနှင့် မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံတို့က တောင်သူတစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ကြသည်။

သရက်မြို့နယ်အနေဖြင့် ရက်(၁၀၀) စီမံချက်ကာလအတွင်း ကျေးရွာအုပ်စု (၂၈)အုပ်စု တောင်သူ (၂၉၆၄)ဦးစီသို့ ၂၀၂၆-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၃၃၅၇၆.၀၀)သိန်း ထုတ်ချေးရန် လျာထားသတ်မှတ်ထားပြီး (၂၉.၅.၂၀၂၆)နေ့ထိ ကျေးရွာအုပ်စု(၁၀)အုပ်စု၊ တောင်သူ (၆၆၂)ဦး သို့ ချေးငွေကျပ် (၆၇၀၇.၀၀)သိန်း ထုတ်ချေးပြီးစီးကြောင်း သိရသည်။

ဇော်ထက်(သရက်)