ကျောက်ကြီးမြို့နယ်၌ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲပြုလုပ်

ကျောက်ကြီး ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ မီးတိုင်တောကျေးရွာအုပ်စု ရေအိုးစဉ် ကျေးရွာနှင့် မီးတိုင်တောကျေးရွာ ချင်းဆက် ကိုယ်ထူကိုယ်ထ မြေသားလမ်းချဲ့ထွင် မြေညှိပြီးစီးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အဆိုပါ လမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင် တို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြသည်။ ယခင်က အကျယ်(၉)ပေ သာရှိပြီး ယခုအခါ အကျယ်(၂၄)ပေ၊ အရှည်ပေ (၃၀၀၀) ကျော် မြေသားလမ်းအား ဖောက်လုပ်ပြီးစီးခဲ့ရာ လမ်းဖောက်လုပ်ပြီးသည့်အတွက် မီးတိုင်တောကျေးရွာနှင့် ရေအိုးစဉ်ကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာ၊ ကျောင်းစုကျေးရွာများ စသည့်ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် သွားလာရေး အဆင်ပြေသည့် အပြင်ဒေသထွက်ကုန် သီးနှံများ ဖြန့်ဖြူးရောင်းချရာတွင်လည်း ပိုမိုအဆင်ပြေသွားခဲ့ကြောင်း ဒေသခံပြည်သူ တစ်ဦးမှ ပြောကြား ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ သက်ဆိုင်ရာလမ်း ကြီးကြပ်ရေးကော်မတီဝင်များ ရပ်မိရပ်ဖများ​၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

K ခိုင် (ပြန်/ဆက်)