လွိုင်ကော် ဇွန် ၂
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သင်တန်းနည်းပြများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ပြည်နယ်အတွင်းရှိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးပြီး သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရန် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ သင်တန်းသားများကို အားကစားလေ့ကျင့်ရေး၊ ပညာသင်ကြားရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အဘက်ဘက်မှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း ပြည်နယ်၏ အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ပြီး အခြားတိုင်းဒေသကြီးပြည်နယ်များနှင့် ရင်ပေါင်တန်းနိုင်အောင် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ အနာဂတ်တွင် နိုင်ငံတော်နှင့် ပြည်နယ်အတွက် ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်လူငယ် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်မည် ဖြစ်သည့်အတွက် သင်တန်းသားများက မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် ကြိုးစားသွားရန်နှင့် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားသင်တန်းသူများအတွက် ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက လက်ခံရယူကြသည်။
ယင်းနောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက ကျောင်းအတွက် အလှူရှင်များလှူဒါန်းသည့် အလှူငွေများကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းများနှင့် အားကစားပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်ကစားသမားများ၊ အုပ်ချုပ်သူ နည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစာ ဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် အားကစားဝါသနာရှင် ပရိသတ်များက လောဓမ္မ (က) အသင်းနှင့် လွယ်ထွဲအသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုကို တစ်ခဲနက် ကြည့်ရှုအားပေးခဲ့ကြပြီး လွယ်ထွဲအသင်းက လောဓမ္မ (က) အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒိုင်အဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားနှင့် ပြည်နယ်တရားသူကြီးချုပ်က အကောင်းဆုံးကစားသမားများကို ငွေသားဆုနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက တတိယဆုရရှိသည့် လောဓမ္မ (ခ) အသင်းအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဆုရရှိသည့် လောဓမ္မ (က) အသင်းအားလည်းကောင်း တစ်ဦးချင်းငွေသားဆုနှင့် ဆုတံဆိပ်များကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် လွယ်ထွဲအသင်းမှ ကစားသမားတစ်ဦးချင်းစီအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ရာ အားကစားသမားများက လက်ခံရယူခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၆) သင်း၊ အားကစားသမား (၁၉၂) ဦး ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)