မြိတ် ဇွန် ၂
တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ စိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက် တိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သစ်တောဦးစီးဌာနပျိုးဥယျာဉ်၌ မိုးရာသီတွင် ဖြန့်ဝေ စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လူထုအခြေပြု သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပထမဦးစွာ မြိတ်မြို့နယ် သစ်တောဦးစီးဌာန၏ ရှမ်းချောင်း သစ်တောပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ကြပြီး တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများအား မြိတ်မြို့ စိမ်းလန်းစိုပြေ သာယာလှပစေရန် တစ်အုပ်တစ်မ စိုက်ခင်းများ၊ မြို့အဝင်လမ်းမနှင့် လမ်းဘေးဝဲယာတွင် ပန်းအလှပင်များ၊ အရိပ်ရပင်များ စိုက်ပျိုးကြရန်၊ လူထုအခြေပြုသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက ပြည်သူလူထု အိမ်တိုင်ရာရောက် ပျိုးပင်များပေးအပ်ပြီး လူထုပူးပေါင်း ပါဝင်စိုက်ပျိုးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းချောင်းသစ်တော ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော လူထုဖြန့်ပျိုးပင်များကို ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ဌာနဆိုင်ရာများအား တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပေးအပ်သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြိတ်မြို့ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်များစိုက်ပျိုးမည့် တက္ကသိုလ်များနှင့် ပန်းအလှပင်နှင့် အရိပ်ရပင်များ လျာထားစိုက်ပျိုးမည့် နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မိုးရာသီတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့် ပျိုးပင်များကို ရှမ်းချောင်းသစ်တောပျိုးဥယျာဉ်တွင် သစ်ပင်အမျိုးအစား(၁၂)မျိုး၊ ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင်ထားရှိကြောင်းနှင့် မြိတ်မြို့ စိမ်းလန်းစိုပြေသာယာလှပစေရန် ပြည်သူလူထု၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )