မယ်စဲ့မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိ

မယ်စဲ့ ဇန်နဝါရီ ၂၀                                                

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟာစနစ်များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၊ ကာကွယ်၊ တားဆီးရေး ကော်မတီဖွဲ့စည်းပြီး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် ချပြရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မယ်စဲ့မြို့နယ်အတွင်း သဘာဝ သယံဇာတနှင့်သစ်တောများ ပြုန်းတီးမှုမရှိစေရေးအတွက် ဖားဆောင်း-မယ်ဆည်နမ်-မယ်စဲ့- ဘီပီ (၁၃)၊ မယ်စဲ့-ဘီပီ(၁၄) ကားလမ်းဘေးနှင့် ပန်တိန်းကျေးရွာ လယ်ယာ ကုန်ထုတ်လမ်း လမ်းဘေးရှိ သစ်တောများ စည်းကမ်းမဲ့ ခုတ်ထွင်မှုများ မပြုလုပ်စေရေးနှင့် ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်း စေရေးကော်မတီများမှ ကြီးကြပ်ဆောင်ရွက်စေလိုကြောင်း၊ အခြားဒေသမှ တောင်ယာခုတ်ထွင် ရှင်းလင်းမှုနှင့် မျောတိုင် ခုတ်ယူထုတ်လုပ်မှုများ မရှိစေရေး ကျေးရွာကော်မတီများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်စေလို ကြောင်းနှင့် ရပ်ကွက်/ ကျေးရွာ ကော်မတီများ၏ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။

မယ်စဲ့မြို့နယ်တွင် စည်းကမ်းမဲ့ တောင်ယာခုတ်ထွင်မှု၊ သစ်တော၊ သစ်ပင်များ ခုတ်ထွင်မှုများ များပြားလာသည့်အတွက် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးမှုမရှိစေရေးနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို လျော့ချနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)