ထားဝယ် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ စခန်းသွင်း လေ့ကျင့်နေသည့် အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားအဖွဲ့အား ကြည့်ရှုအားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တောင်ကြီးမြို့၌ ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီး ဘော်လီဘော ကစားသမား များ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဘော်လီဘောကစားသမားများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ယှဉ်ပြိုင်ရမှာဖြစ်သည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးသို့ သွားရောက် ယှဉ်ပြိုင်ရာတွင် ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း၊ ဆုတံဆိပ်များရရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အားကစားသမားများတွင် ခံနိုင်ရည်(သက်လုံ/ဇွဲ)၊ ကြံ့ခိုင်မှု၊ ခွန်အား၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ စိတ်ဓာတ်ကြံခိုင်မှု၊ သည်းခံနိုင်မှု၊ စုပေါင်းစိတ်ဓာတ်ထားရှိမှုစသည့် အခြေခံကောင်းများကို ဖော်ထုတ်ပြသပြီး အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားကြ ရန်လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အားကစားခန်းမအားကြည့်ရှုစစ်ဆေးပြီး ပွဲကြည့်ပရိသတ်စင်သည် ခေါင်မိုးနှင့်နီးကပ်စွာရှိနေသည့်အတွက်ကြောင့် ခေါင်မိုးမြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ရွှေဝယ်သီရိအားကစားကွင်းတွင် ဂုဏ်ပြုခံစင်မြင့် တိုးချဲ့နေမှုအား ကြည့်ရှုစစ်ဆေးကာ အထူးတန်းပွဲကြည့်စင် မြောက်ဘက်မြေနေရာတွင် ပြည်သူလူထုအတွက်ပွဲကြည့်စင်အား ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အားကစားကွင်း အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)