ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းစတင်ဖွင့်လှစ်

ဘိုကလေး ဇွန်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အဖြစ် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိခဲ့ပြီး ယနေ့ဇွန်(၁)ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/သူများ တက်ကြွပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄၉၅)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၃)ကျောင်း၊ စုစုပေါင်း(၅၀၈)ကျောင်းတည်ရှိပြီး အဆိုပါကျောင်းများအားလုံး ယနေ့မှစတင်၍ တပြိုင်တည်း ကျောင်းစတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းဖွင့်ရာသီ၌ ကျောင်းသား/သူများ စိတ်အေးချမ်းသာ ပျော်ရွှင်ကျန်းမာစွာ ပညာသင်ကြားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် ခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးအပါအဝင် ခြင်မှ တစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား ကျောင်းမဖွင့်ခင် ရက်ပိုင်းအတွင်း ဆောင်ရွက်ပေးထားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)