မအူပင်မြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး စိုက်ပျိုးရေးနည်းပညာပေး အခမ်းအနားကျင်းပ

မအူပင် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး စိုက်ပျိုးရေးနည်းပညာပေး အခမ်းအနားအား မေ ၂၈ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းမှ ပန်းတိုင်အထွက်နှုန်းထွက်ရှိစေရန် သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေဩဇာများ သုံးစွဲနိုင်ရေးကိစ္စရပ်များအား အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းမှ စိုက်ပျိုးရေးနည်းပညာပေး အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေအသုံးချရေးတာဝန်ခံ ဦးထင်ကျော်ဦး၊ ပုသိမ်ခရိုင် မြေအသုံးချရေးတာဝန်ခံ၊ ဒေါက်တာခင်လဲ့လဲ့ဦး၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်နှင့် တိုင်းမျိုးစေံတာဝန်ခံဒေါက်တာပန်းအိဖြူတို့မှ Biochar ပြုလုပ်သုံးစွဲနည်းများ၊ ဖြုတ်ပိုးနှင့် ရွှေခရုကြိုတင်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ သဘာဝဓာတ်မြေဩဇာပြုလုပ်နည်းများနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေး နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများမှ ပြသထားသည့် သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်သော နည်းလမ်းများ၊ ရွှေခရုကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ဖြုတ်ပိုးကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းမှ ရှင်လင်းပြသခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှဖြန့်ဝေသည့် လက်ကမ်းစာစောင်များအား (အခမဲ့)ဖြန့်ဝေ ပေးခဲ့သည်။

 အဆိုပါ စိုက်ပျိုးရေးနည်းပညာပေးအခမ်းအနားသို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစောသောင်းဒန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သူဇာသန်းမြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မအူပင်မြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)