ကျွန်းစုမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပေးနှိုးဆော်

ကျွန်းစု ဇန်နဝါရီ ၁၉

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ အသက်အိုးအိမ်များ ပျက်စီးမှုမရှိစေရေးအတွက် ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့် ဆောင်ရွက်ရန် အချက်များအား လိုက်လံနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။

လိုက်လံနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးတင်ထွန်းနိုင်၏ လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး ဦးဝင်းဇော်မိုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူနေအိမ်နှင့်အဆောက်အဦတို့၌ သင့်လျော်၍ ခိုင်ခံ့သော မီးချိတ်၊ မီးကဒ်၊ သဲပုံး၊ ရေပုံးများ၊ ရေနှင့်မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ လုပ်ငန်သုံးယာဉ်များနှင့် အဆောက်အဦ အလိုက် မီးသတ်ဆေးဘူးများကို မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက်အတိုင်း တပ်ဆင်ထားရှိရန်၊ မီးသုံးစွဲခြင်းကို ကန့်သတ်ထားသည့်အတိုင်းသာ သုံးစွဲကြရန်၊ မီးဖိုနှင့် နံရံကြား၊ မီးဖိုအနီးနှင့်အပေါ်၌ မီးလောင်ရန် မလွယ်ကူသည့် ပစ္စည်းများထားရှိရန်၊ မီးဖိုကို အသုံးပြုနေစဉ် စောင့်ကြည့်ရန်နှင့် အသုံးပြုပြီးပါက သေချာစွာ ငြှိမ်းသတ်ရန်၊ မည်သူ့ အကြောင်းကြောင့် မီးရှို့ခြင်းဆောင်ရွက်လိုပါက မီးသတ်ဦးစီးဌာနသို့ ကြိုတင်အကြောင်းကြားရန်နှင့် စသည့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိ ပျက်ကွက်ပါက ၂၀၁၅ ခုနှစ်၊ မီးသတ်တပ်ဖွဲ့ ဥပဒေပုဒ်မ ၃၄/၃၅/ အရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းကျော်စော(ပြန်/ဆက်)