ဟားခါး ဇွန် ၁
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းကို မေလ ၃၁ ရက်နေ့တွင် တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ ထွမ်းဝုမ်းရိပ်သာ၌ ကျင်းပရာ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တီးတိန်နှင့် တွန်းဇံမြို့များမှ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီးနောက် အစည်းအဝေးတက်ရောက်လာကြသူများက ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့၌ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆန်ရိက္ခာ ပေးပို့ဖြည့်တင်းနိုင်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား သက်ဆိုင်ရာဒေသများသို့ အချိန်မီပေးပို့နိုင်ရေး၊ လုပ်ငန်းခွင်သုံးယာဉ်ယန္တရားများ၊ စက်သုံးဆီများ ဖြည့်တင်းနိုင်ရေးနှင့် မြို့နယ် (၃) မြိုနယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးတို့ကို အသေးစိတ် ဆွေးနွေးတင်ပြကြပြီး တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့၌ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် APTERR အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် (၈) တန်ကို မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့မှ တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်များသို့ အမြန်ဆုံး ပို့ဆောင်ဖြန့်ဝေနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)