ကျောင်းကုန်း မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသည် ရက် (၁၀၀) စီမံချက်အဖြစ် ကုန်တင်ကုန်ချလုပ်သားကြီးများနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစစ်ဆေးပေးခဲ့သည်။
မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးအီးစီဂျီဆွဲခြင်း၊ သွေးတိုးစစ်ဆေးခြင်း၊ ဆီးချိုစစ် ဆေးခြင်း၊ HIV ပိုး၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ ကာလသားပိုးများစစ်ဆေးခြင်းနှင့် အထွေထွေစမ်းသပ်ခြင်းများ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ကုသမှုပေးနေရာသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ မုန့်နှင့်ရေသန့်များ လှူဒါန်းပေးခဲ့သည်။
စစ်ဆေးခံသူ (၅၄) ဦးအနက် ဆက်လက်ကုသရန်လိုအပ်သူ (၃၁) ဦးကို အပတ်စဉ်ဗုဒ္ဓဟူးနေ့ NCD Clinic ဆေးခန်းသို့ ပြန်လည်ပြသရန် ဆက်လက်ချိန်းဆိုထားကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)