ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား အခမဲ့ဆေးလာရောက်ကုသပေးသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို တွေ့ဆုံဂုဏ်ပြု

ပုသိမ် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပုသိမ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား အခမဲ့ဆေးလာရောက်ကုသပေးသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးအား တွေ့ဆုံ၍ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးကုသပေးရာတွင်လည်း လစ်ဟာမှုများမရှိအောင် တာဝန်ရှိသူအားလုံးက ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူများကလည်း အားကိုကြီးစွာဖြင့် လာရောက်ပြသကြသခဲ့ပြီး စေတနာအရင်းခံ၍ကုသပေးသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်ပါကြောင်း” ဂုဏ်ပြုပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများဂုဏ်ပြုပေးအပ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် လူနာ (၈၁၈) ဦးအား အခမဲ့ဆေးကုသပေးခြင်းကို မေလ (၃၀) ရက်နေ့မှ (၃၁) ရက်နေ့အထိနှစ်ရက်ကြာ စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက်ပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ CHANGAN SMILING FACE (ပုသိမ်) ကားအရောင်းပြခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး အရောင်းပြခန်းတွင် ပြသထားသည့် မော်တော်ယာဉ်များကို ကြည့်ရှုခဲ့ကြောင်းသိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)