အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနား ကျင်းပ

ကျိုက်လတ် ဇွန် ၁

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ A.G.T.I ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။

ပထမဉီးစွာ ကျောင်းအုပ်ကြီးအမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များ နေရာယူပြီး နိုင်ငံတော်သီချင်း တီးလုံးဖွင့်သည့်အချိန်၌ ကြွရောက်လာကြသော ပရိသတ်အားလုံးနှင့် A.G.T.I ဒီပလိုမာရယူမည့်သူများက ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားကျင်းပရာ A.G.T.I ဒီပလိုမာဘွဲ့ အသီးသီးအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီဟု သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ကြေညာခြင်း ခံရသူများအား အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ကြီး ဒေါက်တာအောင်ဟိန်းလတ်က သက်ဆိုင်ရာ ဌာနမှူးများ၏ ပို့ဆောင်ပေးမှုဖြင့် A.G.T.I ဒီပလိုမာ ရယူမည့်သူများအား A.G.T.I ဒီပလိုမာ အသီးသီးကို အပ်နှင်းပေးခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးက A.G.T.I ဒီပလိုမာပေးအပ်ပွဲ မိန့်ခွန်းမြွက်ကြားရာတွင် ယခုလို အခမ်းအနားဖြင့် ပေးအပ် ချီးမြှင့်နိုင်သည့်အတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မောင်တို့မယ်တို့ နေထိုင်ကြသည့် ယနေ့မြန်မာနိုင်ငံတော်ကြီးတွင် သဘာဝသယံဇာတများ အလွန်ပေါကြွယ်ဝ သော်လည်း နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် အကျိုးရှိစွာ ထုတ်ယူသုံးစွဲပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ နည်းပညာနှင့်သက်မွေးပညာများ စနစ်တကျကျွမ်းကျင်တတ်မြောက်သည့် လူ့စွမ်းအား အရင်းအမြစ်များစွာရဲ့ အခန်းကဏ္ဍကလည်း အရေးပါသည့် နေရာမှာရှိနေသဖြင့် မိမိတို့သင်ယူထားသည့် ပညာရပ်များသည် ဒုတိယတန်းစား မဟုတ်သည့် ပထမတန်းစား ပညာရေးစနစ်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိယုံကြည်မှု အပြည့်အဝရှိရမည်ဖြစ်ကြောင်း၊ ဤသိပ္ပံမှ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးမှုများအပေါ် အခြေခံ၍ မိမိတို့ကျင်လည်ကြမည့် လုပ်ငန်းခွင်အသီးသီးတွင် အောင်မြင်မှု ဆွတ်ခူးနိုင်အောင်ကြိုးစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ A.G.T.I ဒီပလိုမာပေးအပ် ချီးမြှင့်ခြင်း ခံရသည့် တက်ရောက်ယူသူ (၁၅၇)ဉီး နှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ၊ A.G.T.I ဒီပလိုမာ အဝေးရောက်ယူမည့်သူ ၂၉ ဉီးရှိကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)