ကန့်ဘလူ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။
ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ လျှပ်စစ်ရေတင်၊ မိုးကောင်းသောက်ရေနှင့် မြေအောက်ရေတင်စနစ်များဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးရာသီသီးနှံစုံ ၆၂၂၆၈၈ ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် မိုးရာသီသီးနှံစုံအမျိုးအစားအလိုက် လျာထားဧကများမှာ မိုးစပါး ၁၇၉၄၅၉ ဧက၊ ပဲမျိုးစုံသီးနှံ(ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ၊ ထောပတ်ပဲ စသည်) ၂၂၇၈၁၇ ဧက၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာစသည်) ၅၉၈၄၁ ဧက၊ ဝါသီးနှံ ၁၀၄ ဧက၊ စားဖိုဆောင်သီးနှံ ၁၅ ဧက၊ အခြားသီးနှံ(ချဥ်ပေါင်လျှော်၊ အစေ့ထုတ်ပြောင်း၊ဖူးစား ပြောင်း၊ ကျွဲ၊နွားစာ စသည်) ၁၁၇၂၀၅ ဧက၊ နှစ်ရှည်ပင်သီးနှံ(ငှက်ပျော၊ ထန်း၊ အုန်း၊ ကွမ်းရွက်၊ ကွမ်းသီး၊ သစ်သီးပင် စသည်) ၃၇၀၄၂ ဧက၊ လျှော်ဖြူ ၁၂၀၄ ဧကနှင့်ကြယ်ပဲ ၁ ဧက ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်၌ ယခုနှစ်မိုးရာသီ သီးနှံစုံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြေင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန ၊စက်မှုလယ်ယာဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးများသို့ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ယခုနှစ်မိုးသီးနှံများစိုက်ပျိုးရာတွင် မိုးစပါးများကို ဇွန်လလယ်တွင် စတင်စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများနှင့်အခြားသီးနှံများကို မေလဆန်းပိုင်းလောက်က စတင်စိုက်ပျိုးလျက်ရှိကာ ယမန်နှစ်က မိုးရာသီသီးနှံစုံ ၆၄၃၃၈၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)