မြန်မာ့ရိုးရာလက်ဝှေ့ အခြေခံသင်တန်းဆင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်

ဘားအံ မေ ၃၁

ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး မြန်မာပြည်ချန်ပီယံဟောင်းများဖြစ်သော ဝမ်းချိုင်း၊ စောငမန်းတို့အပါအဝင် နိုင်ငံကျော်လက်ဝှေ့အားကစားသမားဟောင်း (၁၇)ဦးတို့က နည်းပြအဖြစ် ဆောင်ရွက်ဖွင့်လှစ်သော မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲကို မေလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်အခြေစိုက် လက်ဝှေ့ကလပ် (၂၀)ခုမှ အသက်(၁၅)နှစ်မှ (၂၅)နှစ်ကြား သင်တန်းသား(၈၆)ဦး၊ သင်တန်းသူ (၁၄)ဦး စုစုပေါင်း(၁၀၀)ဦး သင်တန်းဆင်းခဲ့ကြရာ မြန်မာ့ရိုးရာလက်ဝှေ့ အခြေခံသင်တန်းသား၊ သင်တန်းသူများက သတ်(၉)သတ်နှင့် လက်ဝှေ့ရေးပြသခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရိုးရာလက်ဝှေ့၏ အခြေခံနည်းစနစ်၊ ခံစစ်၊ တိုက်စစ် အတတ်ပညာများကိုသာမက အားကစားသမားကောင်းတစ်ယောက်တွင် ရှိရမည့်စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲ၊ သည်းခံနိုင်မှုများကိုပါ ပူးတွဲလေ့ကျင့်သင်ယူခဲ့ကြရပြီး မိမိတို့ရည်မှန်းထားသည့် ဘဝလမ်းခရီးကို ရဲရင့်တည်ကြည်စွာ လျှောက်လှမ်းကြကာ လက်ဝှေ့ပညာရပ်ဖြင့် မိမိလူမျိုး၊ မိမိနိုင်ငံကို အကျိုးပြုနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းသူများအနက်မှ အမျိုးသမီးတွဲဆိုင်း (၁)ဆိုင်းက (၂)မိနစ်တစ်ချီ၊ သင်တန်းသားလူဟောင်းများအနက်မှ တွဲဆိုင်း(၄)ဆိုင်းတို့က (၃)မိနစ်နှစ်ချီဆီ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာ့ရိုးရာလက်ဝှေ့အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦးက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းကို ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)