ထားဝယ် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်းဆောင်ရွက်သည့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထိန်သစ်ရပ်ကွက်၊ ကမြောကင်းလမ်း၊ (၆)လမ်းထိပ်မှ ထားဝယ်မြစ်အထိ ပင်မရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ဘော်ဦးချောင်းမှ ကမြောကင်းချောင်းအထိ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ပိန္နဲတောရပ်ကွက် ရွှေတောင်စားလမ်း၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်းဘေး ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ဗျောတောဝရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ မြို့တော်ခန်းမရှေ့ Box Culvert နှင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ ပြည်သူများက တောင်းဆိုထားသည့် ဘုမ္မော်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ရေမြောင်းများတူးဖော်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ရေဝပ်ဧရိယာ၊ ရေ Level တိုင်းပြီး စနစ်တကျ တိုင်းတာတွက်ချက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရေမြောင်းများတူးဖော်ဆောင်ရွက်ရာတွင် လွယ်ကူစွာရေစီးဆင်းနိုင်ရေး၊ ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်သူများနှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စည်ပင်သာယာရေးကိစ္စများ ဆောင်ရွက်ရာတွင် ရေရှည်မျှော်တွေး၍ စနစ်တကျ Master plan ချပြီး အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကြက်စားပြင်ရပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးဘေး ဆိပ်ကမ်းသာလမ်းနှင့် ငါးလေလံဈေးအကြား ဆက်သွယ်နိုင်ရန်အတွက် တံတားတည်ဆောက်အသုံးပြုနိုင်ရေး၊ ယဉ်ကျေးမှုပြတိုက်နှင့် ဆန်းချီချောင်းအကြား (၄)လမ်းသွား ကွန်ကရစ်ခင်းကျင်းပြီးစီးနေမှုအခြေအနေ၊ ဆန်းချီချောင်း စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးတို့ကို အလေးအနက်ထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)