ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး တက္ကသိုလ်ကျောင်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ဘားအံ မေ ၃၁

ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာပြည်သူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် ဖားကန့်ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်နှင့် ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ၊ ဘားအံတက္ကသိုလ်ကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းသုံးယာဉ်များ၊ ယန္တရားများအသုံးပြုပြီး ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်မွန်စေရေးအတွက် ရေမြောင်းများဖော်ပေးခြင်း၊ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်း အစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကျောင်းများအဖြစ် အစဉ်အမြဲ ဖန်တီးလုပ်ဆောင်ပေးကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)