ထားဝယ် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီး၊အစည်း အဝေးခန်းမ၌ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်များနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။
ဦးစွာဆေးရုံအုပ်ကြီးက ပြည်သူ့ဆေးရုံကြီး၏ သမိုင်းအကျဉ်းနှင့်ဝန်ထမ်းအင်အားဖွဲ့စည်းထားရှိမှုအခြေအနေ၊ ဆေးကုရေးလုပ်ငန်းများ၊ ဘာသာရပ်/ဆေးကုဆောင်အလိုက်ခွဲစိတ်ကုသမှု၊ အထူးကုသမှုများဆောင်ရွက်ပေးနိုင်မှု၊ ရောဂါရှာဖွေရေးလုပ်ငန်းများ၊ ခေတ်မီ စက်ကြီးများဖြင့် ကုသပေးနေမှုများ၊ စိတ်ကျန်းမာ ရေးဆိုင်ရာကုသမှုလုပ်ငန်း အားတိုးချဲ့ဆောင်ရွက်ပေးနေမှုများ၊ ထိခိုက်ဒဏ်ရာရ လူနာများအတွက် ပရဟိတအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ပေးနေမှုများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထူးကုများက Integrated Services ဖြင့် ဆေးကုသပေးနေမှုများ၊ ကုသမှုအရည်အသွေးမြင့်မားရေးနှင့် ဝန်ဆောင်မှုတိုးတက်စေရေးဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆေးရုံ၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှင်းလင်းတင်ပြမှုအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး က ပြန်လည်ဖြေကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆေးရုံ၏ လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဆေးပဒေသာပင်အတွက် မတည်ငွေကျပ်သိန်း(၁၀၀)အားပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကလေးကုသဆောင်၊ သားဖွားမီးယပ် ကုသဆောင်၊ မွေးကင်းစ ကုသဆောင်များတွင် ကုသနေသော ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံအားပေး စကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ကာ ဆေးရုံ၏ ဥပဓိရုပ်ကောင်းမွန်ရေးနှင့်သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက် ဆေးရုံအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)