ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဧပြီလ ၁ ရက်နေ့မှစ၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်တာဝန်ပေးနိုင်ရန် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ပဲပုတ်ကျေးရွာ စိုက်ပျိုး ရေးဆိုင်ရာ လူထုအ‌ခြေပြုစခန်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အကြောင်းတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရှင်းလင်းပြောကြားပေးခဲ့ပြီး တက်ရောက် လာကြ သူများက သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)