ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်ပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုကြည့်ရှုအားပေး

လွိုင်ကော် မေ ၃၁

၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် အဆင့်မြင့်ပညာကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူးရုံးအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး စားသောက်ဆောင်နှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးစဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် အစားအသောက်များအား သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ကျွေးမွေးရန်နှင့် အိပ်ဆောင်များ စနစ်တကျ ခင်းကျင်း နေထိုင်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဆရာ/ဆရာမနှင့် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်းများ၊ စာသင်ဆောင်များ၊ အိပ်ဆောင်များ သန့်ရှင်းသပ်ရပ်စွာထားရှိရေးတို့ကို မှာကြားသည်။ ထို့နောက် ဆရာ၊ ဆရာများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူးရုံးသို့ သွားရောက်ပြီး အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခြောက်ခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်  ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များကို စနစ်တကျ ပြန်လည်နေရာချထားပေးနိုင်ရေး၊ ပြုပြင်ခြင်းလုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 ပြည်နယ် (ပြန်/ဆက်)