ဆိပ်ဖြူမြို့နယ်၌ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ဆိပ်ဖြူ မေ ၃၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ အခွန်းထမ်းလုပ်ငန်းရှင်းများအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန်းဝင်းလှိုင်က တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာ အသိပညာပေးများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခွန်ထမ်းလုပ်ငန်းရှင် (၆၅)ဦး တက်ရောက်ကြောင်း သိရသည်။

ကိုဇွဲ (အညာမြေ)