မကွေးမြို့၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မကွေး မေ ၃၁

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိကြီးများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို  မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ရုံးမှဥပဒေအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် အောင်လံခရိုင်တို့မှ ခရိုင်ဥပဒေအရာရှိများနှင့် ဒုတိယခရိုင် ဥပဒေအရာရှိများ၊ မြို့နယ် ဥပဒေအရာရှိများ၊ဒုတိယမြို့နယ်ဥပဒေအရာရှိများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအေးလွင်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ခရိုင်ဥပဒေအရာရှိကြီးများက အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ ပြောကြားချက်များကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်မှုမှတ်တမ်း video clip ပြသခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဥပဒေအရာရှိများ၏ မေးမြန်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဥပဒေချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)